Tuesday, July 11, 2023

What is "Electronics" - Part 7

 

Electronics:  အပိုင်း ၇

Frequency Spectrum

Frequency  တခု၏  အလျှင်ကို frequency ဖြင့် စားလျှင် wave length ကိုသိနိုင်သည်။ electronic signals များ၏ အလျှင်သည် အလင်း အလျှင်အတိုင်း ဖြစ်သည်။
wave length (မီတာ) =  အလင်းအလျှင်(မီတာ/စက္ကန့်)/frequency(Hz)

λ = 300,000,000/f

ထိုသို့ ဆက်စပ်မှု့ကို သိခြင်းဖြင့် ၃၀ မီတာ  ၅၀ မီတာ သို့မဟုတ် ၁၀ စင်တီမီတာ စသည်ဖြင့်ပြောလျှင် frequency ဘယ်လောက်ရှိသည်ကို တွက်ယူနိုင်ပြီး မည်သည့် band အတွင်းမှာ ရှိသည်ကို သိရှိနိုင်သည်။  short wave နှင့် microwave  များကို အတိအကျ သတ်မှတ်ချက်မရှိပါ။ ထို့ကြောင့် ထိုသို့ ပြောခြင်းထက် LF, HF, MF စသည်ဖြင့် သုံးစွဲခြင်းက ပိုတိကျသဖြင့် ပိုမိုအသုံးပြုကြသည်။   ထို့အတူ ရေဒါများတွင် အသုံးပြုသော frequency band အချို့ကို K, X နှင့် L ဟုခေါ်ကြသည်။ ထိုသို့သတ်မှတ်ခြင်းသည် စစ်ဘက်ဆိုင်ရာမှ လုံခြုံရေးအရ သတ်မှတ် ခေါ်‌‌ဝေါ်ရာမှ အစပြုခြင်းဖြစ်သည်။ သို့သော် ယခုအခါ သာမန်အသုံးဖြစ်လာသည်။ သို့သော် short wave နှင့် microwave တို့ကဲ့သို့ပင် သတ်မှတ်ချက် အတိအကျ မရှိပါ။  
Frequency spectrum တွင် ရှိသမျှ ac wave အားလုံး ပါဝင်သည်။ electronic signals များအတွက်  spectrum  မှာ 20 Hz မှအစပြုပြီး 30 GHz လောက်အထိရှိသော ac signal များ ပါဝင်သည်။ အမှန်အားဖြင့် 30 GHz ထက်မြင့်သော ac signal များ ရှိသေးသော်လည်း ၎င်း signal များတွင် electronic ပစ္စည်းများ၌ အသုံးပြုနိင်သော ဂုဏ်သတ္တိများ အများအားဖြင့် မရှိတော့ပါ။ ၎င်း frequency များကို အပူ၊ အနီအောက် ၊ အလင်းရောင် ၊ X-Ray စသည်ဖြင့် လူသိများသည်။

Electronic signal များအဖြစ် တိုက်ရိုက် အသုံးမပြုသော frequency များ


The interrupted continuous wave

Continuous a-c wave တခုသည် တည်ငြိမ်သော d-c ကဲ့သို့ပင် intelligence ကို မသယ်ဆောင်နိုင်ပေ။ သို့သော် a-c wave ကို pulse များဖြစ်အောင် ဖြတ်တောက်ပြီး code များအဖြေစ် ပြောင်းလဲ လိုက်ပါက intelligence ကို သယ်ဆောင်နိုင်စွမ်း ရှိလာသည်။ ထိုနည်းဖြင့် သတင်းအချက်အလက်များ လွှင့်ထုတ်နည်းကို  interrupted continuous-wave transmission ( CW ) ဟုခေါ်သည်။ CW နည်းသည်  wave ကို on/off လုပ်ပေးသော နည်းတခုသာ ဖြစ်သည်။
Continuous wave ၏ pulse တခုတွင် voltage သို့မဟုတ် current cycle များစွာပါဝင်သည်။   code အနေဖြင့်သတ်မှတ်ရာတွင် cycle အရေအတွက်ဖြင့် သတ်မှတ်ခြင်းမဟုတ်ဘဲ pulse ကြာချိန် (duration) နှင့်သာ သတ်မှတ်သည်။ ဥပမာ တစက္ကန့်ကြာသော pulse သည် အက္ခရာ A ဟုသတ်မှတ်ပါက frequency သည်  100 Hz ဖြစ်ဖြစ် 1000 Hz ဖြစ်ဖြစ် ကွာခြားမှု မရှိပါ။







Morse Code Alphabets






Wednesday, June 14, 2023

What is "Electronics" - Part 6

 Electronics:  အပိုင်း ၆ 

Audio frequencies

Continuous a-c wave တခု၏ frequency ဆိုသည်မှာ တစက္ကန့်အတွင် ပြောင်းလဲနေသော လှိုင်း အရေအတွက် ဖြစ်သည်။ သုံညမှ အပေါင်းသို့ ပြောင်းပြီး ထိုမှတဖန် အနှုတ်တန်ဘိုး ထို့နောက် သုံညသို့ ပြန်ရောက်သည်အထိ ကို cycle ဟုခေါ်သည်။ cycle တခုသည်   sine wave ဖြစ်သည်။ တစက္ကန့်တွင် ပါဝင်သော cycle အရေအတွက်ကို frequency ဟုခေါ်ပြီး ၎င်းကို cycles per second ဖြင့် ဖေါ်ပြသည်။ ထို့ကြောင့် wave တခုသည်  frequency မြင့်လေလေ တစက္ကန့်အတွင်း direction ပြောင်းလဲသော အကြိမ် များလေလေ ဖြစ်သည်။ a-c wave form တခုသည် တစက္ကန့် တွင် cycle အနည်းငယ်မှ  သန်း ထောင်ပေါင်းများစွာ အထိ ရှိနိုင်သည်။ cycle per  second ကို ထင်ရှားသော သိပ္ပံပညာရှင်တယောက်ကို ဂုဏ်ပြုသောအားဖြင့်  Hertz  ဟု ခေါ်ကြသည်။   တိုကောက်အားဖြင့် Hz ဟု ရေးသည်။ frequency 10 cycles per second ကို 10 Hz, 10000 cycles per second ကို 10 kHz, 10,000,000 cycles per second ကို  10 MHz ဟု ဖေါ်ပြသည်။ 
a-c electronic signals များသည် အလွန်နိမ့်သော frequency မှ သန်းထောင်ပေါင်းများစွာ မြင့်သော frequency များအထိ ရှိကြသည်။ frequency များကို range  များအဖြစ် ခွဲခြား သတ်မှတ်ထားကြသည်။ ထို range များအနက် အလွန့်အလွန် အရေးပါသော frequency range မှာ   လူ၏နားဖြင့် ကြားနိုင်သော frequency များဖြစ်သည်။

Audio Frequency Range

 လျှပ်စစ်လှိုင်းများကို လူက တိုက်ရိုက်မကြားနိုင်ပါ။ လူ့နားက ကြားနိုင်သော လှိုင်းများသည် လေထဲတွင် ဖိအားပြောင်းလဲမှု့ကြောင့် ဖြစ် ပေါ်လာသော အသံလှိုင်းများဖြစ်သည်။ အသံလှိုင်းကို microphone တခုဖြင်း electronic signal ဖြစ်အောင် ပြောင်းနိုင်သည်။ ထို့အတူ electronic signal ကို လူ့ကြားနိုင်သည့် အသံဖြစ်အောင် speaker ၊ earphone စသော transducer တခုခုသုံးပြီး ပြန်ပြောင်းနိုင်သည်။ 

ထို သို့ပြောင်းထားသော electronic  signal များ၏ ပုံသဏ္ဌာန်နှင့်  frequency များ သည် အသံလှိုင်းနှင့် အတူတူပင်ဖြစ်သဖြင့် audio signal များဟုခေါ်ကြသည်။ audio signal များ၏ frequency ကို  audio frequency  ဟုခေါ်သည်။ ၎င်း  frequency များသည် 20 Hz မှ 20 kHz ကြားအတွင်း ရှိသည်။ 
Audio frequencies များသည် sound frequencies များဖြစ်သဖြင့် တခါတရံ sonic frequencies ဟုလည်း ခေါ်ကြသည်။. ထို့ကြောင့် 20 Hz ထက် နိမ့်သော frequencies   များကို subsonic  ဟု၎င်း 20 kHz ထက် မြင့်သော frequencies  များကို supersonic, ultrasonic သို့ hyper sonic signals   များဟု ခေါ်ကြသည်။
Sound wave များသည် အမြဲတန်း sine wave များလို ရိုးရိုးရှင်းရှင်း မဟုတ်ဘဲ အများအားဖြင့် ပုံသဏ္ဌာန် အမှန် မရှိသော complex wave များဖြစ်ကြသည်။ သို့‌သော် complex sound wave များတွင် simple sinewave များ ပေါင်းစပ်ပါဝင်နေကြပြီး ပါဝင်နေသော wave များက အသံကို တခုနှင့်တခု ကွဲပြားစေသည်။  



Audio frequency များထက် ပိုမြင့်သော frequency  များ

Electronic တွင် သုံးသော signal များသည် audio frequency များထက် နိမ့်သော frequency များ ရှိသလို များစွာ မြင့်မားသော frequency များလည်း ရှိသည်။ audio ထက် နိမ့်သော frequency များကို very low frequencies ( VLF ) ဟုခေါ်ပြီး electronic တွင် သုံးသော frequency များထဲတွင် အနိမ့်ဆုံး ဖြစ်သည်။ electronic frequency များကို low frequency , medium frequency စသဖြင့် band များဖြင့် ဖေါ်ပြကြသည်။  band တခုနှင့်တခု ပါဝင်သော frequency များကို အနိမ့် အမြင့် နှိုင်းယှဥ်ပြီး ခေါ်ဝေါ်ကြသည်။ ထို့ကြောင့်  medium frequency band ထဲတွင်ပါဝင်သော signal တခုသည်  low frequency band ထဲတွင်ပါဝင်သော signal တခုထက် frequency ပိုမြင့်သည်။
အခေါ်ဝေါ်များ တပြေးညီ ဖြစ်စေရန် frequency band များကို International Telecommunication Union(ITU) က သတ်မှတ်ပေးထားသည်။ 
သတ်မှတ်ထားသော frequency band  များမှာ Very Low Frequency(VLF), Low Frequency(LF), Medium Frequency (MF), High Frequency (HF), Very High Frequency (VHF) , Ultra High Frequency(UHF), Super High Frequency(SHF), Extremely High Frequency(EHF) တို့ ဖြစ်သည်။ တခါတရံ  signal များကို လှိုင်းတို(short wave) ၊ လှိုင်းလတ်( medium wave) ၊ မိုက်ကရိုဝေ့ (micro wave) စသည် ဖြင့် ခေါ်ဝေါ်ကြသည် ကို ကြားဘူးကြမည်။ ထိုအခေါ် အဝေါ်များသည် ဖေါ်ပြခဲ့သော frequency များကို ပင် လှိုင်းအလျှား wave length  ဖြင့် ပြောကြခြင်းဖြစ်သည်။ တခါတရံ  မီတာ၊ စင်တီမီတာ  စသဖြင့်လည်း ရည်ညွန်း ဖေါ်ပြတတ်ကြသည်။ ထိုသို့ ပြောဆိုနိုင်ခြင်းမှာ frequency နှင့် wave length သို့သည် တခုနှင့်တခု ဆက်စပ်နေသောကြောင့် ဖြစ်သည်။
ITU မှသတ်မှတ်ထားသော Frequency Band များ





Monday, June 5, 2023

What is "Electronics" - Part 5

Electronics:  အပိုင်း ၅

a-c signals

a-c လျှပ်စစ် အမျိုးအစား ၏ characteristics များတွင် signal အဖြစ် အသုံးပြုရန် အလွန် အသုံးဝင်သော အရည်အသွေးများ ပါဝင်နေသည်။ ထို့ကြောင့် a-c ကို electronic signal များအဖြစ် အသုံးအများဆုံး ဖြစ်သည်။a-c ဟုဆိုလျှင် အိမ်မှာသုံးသော လျှပ်စစ်ဟု အများကသိကြသည်။ power အတွက် အသုံးပြုသော a-c  နှင့် signal အတွက် အသုံးပြုသော a-c တို့မှာ အခြေခံအားဖြင့် အတူတူပင်ဖြစ်သည်။ သို့သော် power  အတွက်ထက် intelligence ကို ထုတ်လုပ်ခြင်း ၊ ပို့လွှတ်ခြင်း တို့အတွက် အလေးထားပြီး အသုံးပြုသည်။  ထိုကဲ့သို့ အသုံးပြုပုံ ကွာခြားသော်လည်း  a-c ၏ သဘာဝ နှင့် ဂုဏ်သတ္တိများမှာ အတူတူပင် ဖြစ်သည်။ အိမ်မီး၊ လမ်းမီး အဖြစ် အသုံးပြုသော a-c လျှပ်စစ် ဘဲဖြစ်ဖြစ်၊ ရုပ်မြင်သံကြားနှင့် တယ်လီဖုန်းထဲ ဝင်လာသည့် a-c လျှပ်စစ်ဘဲဖြစ်ဖြစ် magnitude နှင့် direction တို့သည် ပြောင်းလဲနေ သည်။


Basic Properties of A-C


 capacitor နဲ့ inductor များ အပေါ်မှာ တုန့်ပြန်ပုံခြင်းလည်း အတူတူပင် ဖြစ်သည်။ ထို့အပြင်  frequency ၊ phase စသော ဂုဏ်သတ္တိများ ရှိပုံခြင်းလည်း တူသည်။ waveform များကိုလည်း ဆွဲပြနိုင်သည်။ တနည်းအားဖြင့်ဆိုရလျှင် a-c signal များအကြောင်းလေ့လာလိုလျှင်  ‌a-c လျှပ်စစ်ကစ၍ လေ့လညရမည် ဖြစ်သည်။


Frequency Response of  A-C in Capacitor and Inductor


Continuous a-c wave

 a-c wave တခုတွင်  sine wave များ တခုပြီးတခု  စဥ်ဆက်မပြတ် ပေါင်းစပ်ပါဝင်နေသည်။ ထို sine wave များသည် တခုနှင့်တခု တထပ်တည်း တူညီကြသည်။ amplitude လည်းတူကြသည်။ phase နဲ့ frequency များလဲ အတူတူပင် ဖြစ်ကြသည်။ ထို့ကြောင့် continuous a-c wave တခုတွင် cycle တိုင်းသည် တထပ်တည်း တူကြသည်။ ထို့ကဲ့ သို့ခွဲခြားမရသဖြင့် မပြောင်းလဲသော d-c ကဲ့သို့ပင် continuous a-c wave သည်လည်း signal ရှု‌ဒေါင့်မှ ကြည့်လျှင် အတူတူပင်ဖြစ်သည်။ အဓိပ္ပါယ်တခုခုဆောင်သော ပြောင်းလဲမှု ရှိမှသာ intelligence ကို သယ်ဆောင်နိုင်သည်။a-c ၏ amplitude သည် ပြောင်းလဲနေသော်လည်း cycle တခုနှင့်တခု ပြောင်းလဲပုံမှာ ထပ်တူဖြစ်နေသဖြင့် အဓိပ္ပါယ်ပါသော ပြောင်းလဲမှုဟု မဆိုနိုင်ခြေ။


V-I Phase Shift in A-C

d-c သည် ပြောင်းလဲမှုမရှိလျှင် intelligence ကို မသယ်ဆောင်နိုင်သော်လည်း pulse များအဖြစ် အတွဲလိုက် ပြောင်းလဲလိုက်သောအခါ intelligence ကို သယ်ဆောင်နိုင်ကြောင်း လေ့လာခဲ့ပြီး ဖြစ်သည်။ ထိုနည်းအတိုင်းပင် continuous a-c wave ကိုလည်း intelligence သယ်ဆောင်နိုင်ရန် ပြုလုပ်နိုင်သည်။ a-c ကို ပိတ်လိုက် ၊ ဖွင့်လိုက် လုပ်ပြီး pulse များဖြစ်အောင် လုပ်ပေးခြင်းဖြင့်  a-c signal ဖြစ်အောင် လုပ်နိုင်သည်။    ထိုနည်းအပြင် a-c ၏ characteristics များဖြစ်သော amplitude, phase နှင့် frequency တို့ကို ပြေင်းလဲစေခြင်းဖြင့်လည်း intelligence ကို သယ်ဆောင်အောင် ပြုလုပ်နိင်သည်။ Intelligence ကို continuous a-c wave တခုတွင် မည်ကဲ့သို့ ထည့်သွင်းပုံကို မဖေါ်ပြမီ  electronic signal အဖြစ် အသုံးပြုသော ‌a-c signal  များ၏  အမျိုးအစားနှင့် electronic တွင်အသုံးပြုသော frequency range များကို အခြေခံအားဖြင့် သိထားရမည်။ 

 
Properties of A-C signals


What is "Electronics" - Part 4

 Electronics: အပိုင်း ၄

Analog and Digital Signal များ 

Electronic signals များကို Analog နှင့် Digital ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ photocell တခုမှ ထွက်သော signal ကို အလင်းနှင့် အမှောင် နှစ်မျိုးသာ ခွဲခြားရန်အသုံးပြုလျှင် digital signal ဖြစ်ပြီး၊ အလင်းရောင်ပမာဏကို သိလိုလျှင် analog signal ဖြစ်သည်။ Digital signal သည် voltage level နှစ်ခုကိုသာ အသုံးပြုပြီး analog signal မှာ zero မှ အများဆုံးတန်ဘိုးအထိ တန်ဘိုးအားလုံးကို အသုံးပြုသည်။ ထို့ကြောင့် analog signal ကို continuous signal ဟုခေါ်ပြီး digital signal များကို discrete signal ဟုလည်း ခေါ်ကြသည်။ analog signal သည် တန်ဘိုးတခုကို voltage အနဲ၊အများ ဖြင့် ကိုယ်စားပြု ဖေါ်ပြပြီး digital signal သည် တန်ဘိုးတခုကို  pulse ရှိခြင်း မရှိခြင်း အစီအစဥ်ဖြင့် ဖေါ်ပြသည်။  
အပူ၊ အသံ၊ ဖိအား၊ အလင်း စသော ပတ်ဝန်းကျင် ရုပ်ဝတ္ထုပြောင်းလဲခြင်းများကို sensor များက အချိုးကျ D-C voltage ပြောင်းလဲပေးခြင်းဖြင့် Analog signal များကို ရရှိသည်။ Digital signal ကို ခလုပ်များ၊key board များ၊ encoder များ၊ memory များ ( Read only memory, Hard Disk , CD Rom …) မှရရှိနိုင်သည်။ Analog signal များကို Analog to Digital Converter များ သုံးပြီး Digital signal များ အဖြစ် ပြောင်းယူနိုင်သည်။
Analog signal မှ digital signal ဖြစ်စေရန် Analog to Digital Converter သုံးပြီး ပြောင်းရသည်။ Analog signal သည် တန်ဘိုးနှစ်ခုအကြား ဖြစ်ချင်ရာတန်ဘိုးရှိနိုင်သော်လည်း digital signal သည် တန်ဘိုး နှစ်ခုသာ ရှိနိင်သည်။


DC နှင့် AC signal များ

magnitude  နှင့် polarity ပြောင်းလဲမှု့ မရှိသော volt သို့မဟုတ် current သည်   DC ဖြစ်ပြီး နှစ်ခုစလုံး ပြောင်းလဲနေသော အမျိုး အစားသည် AC ဖြစ်သည်။ 
DC စစ်စစ်သည် ပမာဏ နှင့် polarity ပြောင်းလဲမှု့မရှိသဖြင့် intelligence ကို မသယ်ဆောင်နိုင်ပါ။ သို့သော် power supply အဖြစ် အသုံးပြုနိုင်သည်။ DC ကို ပမာဏပြောင်းလဲအောင် လုပ်ပေးခြင်း ဖြင့် intelligence ကို သယ်ဆောင် နိုင်သော signal များဖြစ်လာအောင် ပြောင်းလဲနိုင်ကြောင်း ရှေ့မှာ ဖေါ်ပြခဲ့ပြီး ဖြစ်သည်။ Electronic circuit များသည် power supply  မှ ရရှိသော DC ကို လိုသလို ပုံသွင်းပေးခြင်းဖြင့်  DC  signal   များဖြစ်အောင် လုပ်နိုင်ကြသည်။ electronic circuit များသည် တည်ငြိမ်ပြီး ပုံသဏ္ဌာန် မရှိသော DC ကို signal   အဖြစ်ပြောင်းလဲရန် ကုန်ကြမ်းအဖြစ် လိုအပ်ကြသည်။ electronic ပစ္စည်းများစုကို  DC power supply ပေးရခြင်းမှာ ဤအကြောင်းရာသည် အချက်တချက် ဖြစ်သည်။  
DC Signals


DC signal များသည် ပမာဏပြောင်းသော်လည်း polarity မပြောင်းပါ။ ထို့ကြောင့် fluctuating DC ဟုလည်း ခေါ်ကြသည်။ AC signal များတွင်မူ ပမာဏနှင့် polarity နှစ်ခုစလုံးသည် ပြောင်းလဲနေကြသည်။ AC နှင့် DC အကြား အဓိက ကွာခြားချက်မှာ current direction ပြောင်းခြင်း မပြောင်းခြင်း ဖြစ်သည်။ magnitude ပြောင်းသော်လည်း direction မပြောင်းလဲလျှင် DC ပင်ဖြစ်သည်။ AC မှသာ ပမာဏပြောင်းလဲနိုင်တာ မဟုတ်ဘဲ DC သည်လည်း ပမာဏ ပြောင်းနိုင်သည်။ ပမာဏပြောင်းလဲနေ‌သော DC တွင် AC  နှင့် DC ဂုဏ်သတ္တိ နှစ်မျိုးစလုံး ပါဝင်နေသည်။ ထို့ကြောင့် single polarity AC ဟုလည်း ခေါ်ကြပြီး AC signal လို waveform, frequency နှင့်  phase အားလုံးရှိ့နိုင်သည်။ ထို့ကြောင့် DC signal သည် AC လိုပင် များအားဖြင့် အလုပ်လုပ်နိုင်သည်။  DC signal တွင် DC နှင့် AC များပါဝင်နေသည်။ ပါဝင်သော DC ကို DC-level ဟုခေါ်ပြီး ၊ ပါဝင်သော AC ကို AC component ဟု ခေါ်ကြသည်။ DC signal များကို အဝေးသို့ပို့လွတ်ရန် မသင့်လျှော်ပါ။ အဝေးသို့ပို့လွှတ်ရန်အတွက် AC signal များကို အသုံးပြုကြသည်။

Fluctuating DC signal များသည် magnitude ပြောင်းလဲမှု့ရှိသော်လည်း direction ပြောင်းလဲမှု့မရှိတဲ့ signal မျိုးအစားဖြစ်သည်။ ၎င်းတို့သည် AC signals များနှင့် ဂုဏ်သတ္တိများစွာတူသဖြင့် လက်တွေ့တွင် AC signal ဟု ယူဆနိင်သည်။


What is "Electronics" - Part 3

 Electronics: အပိုင်း ၃

အီလက်ထရောနစ် signals များကို  ဘာကြောင့် လေ့လာရသလဲ ?

အီလက်ထရောနစ် signal များသည် intelligence များကို သယ်ဆောင်သည့် လျှပ်စီးကြောင်း များ ဖြစ်သည်။ ထို့ကြောင့် အီလက်ထရောနစ်ကို လေ့လာရာတွင် အသုံးများသော signals များကို ခွဲခြမ်းစိတ်ဖြာခြင်း နှင့် ၎င်းတို့၏ ဂုဏ်သတ္တိများကို မဖြစ်မနေ လေ့လာထားရန် လိုအပ်သည်။ ယခင်က electronics ကို လေ့လာ သင်ယူရာတွင်  circuits များကို လေ့လာရင်း ၎င်း circuit များက ထုတ်လုပ်သည့် signals များအကြောင်းကိုပါ  တခါတည်း လေ့လာ သင်ကြားခဲ့ကြရသည်။   ထိုသို့ လေ့လာသင်ကြားနည်းသည် ကျေနပ်ဖွယ်ရာ အကျိုးများ ရရှိခဲ့သည်။ သို့သော် အီလက်ထရောနစ်နယ်ပယ်သည် လျှင်မြန်စွာ တိုးတက် ပြောင်းလဲလာနေသဖြင့် ထိုကဲ့သို့ လေ့လာနည်းသည် မှန်ကန်ပါသလောဟု မေးစရာ ဖြစ်လာသည်။ circuit အသစ်များ၊ ပစ္စည်းအသစ်များ၊ အသုံးချ နယ်ပယ်အသစ်များသည် နေ့စဥ်နှင့် အမျှ ထွက်ပေါ်လျှက်ရှိသော်လည်း အခြေခံ signal များကို ပင် နည်းလမ်းအမျိုးမျိုးဖြင့် ထပ်တလဲလဲ ပြန်အသုံးပြုထားသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် signal နှင့်  circuit များကို တတ်နိုင်သမျှ ခွဲပြီးလေ့လာ နည်းက ပို၍သင့်လျှော်နိုင်သည်။  signal တခုသည် intelligence ကိုမည်ကဲ့သို့ သယ်ဆောင်လာသည်သည်၊ signal များအချင်းချင်း မည်ကဲ့သို့ တုန့်ပြန်ကြကြသည် စသောရှု့ဒေါင့် မှာ ချဥ်းကပ်သည်က ပိုပြီး သင့်လျှော်နိင်သည်။ထို့ကြောင့် ထိုရှု့‌ဒေါင့်မှ တင်ပြသွားပါမည်။
အီလက်ထရောနစ် signal များအကြောင်း သေချာစွာ သဘောပေါက်နားလည်သွားသောအခါ မှ circuit များနှင့် အီလက်ထရောနစ် ပစ္စည်းများ၏ အလုပ်လုပ်ပုံကို signal များကို အခြေခံ၍ လေ့လာသွားမည်။

D.C signals

Intelligence သို့မဟုတ် information သို့မဟုတ် data များသည် ပြောင်းလဲနေသော သဘာဝ ရှိသည်။ တည်ငြိမ်သော D.C current သို့မဟုတ် D.C voltage   တို့သည် မည်သည့် intelligence မှ မသယ်ဆောင်နိင်ပါ။ current သို့မဟုတ်  voltage  သည် တန်ဘိုး ပြောင်းနေမှသာ intelligence အချက်အလက်များကို ဖေါ်ပြနိုင်သည်။ D.C voltage သို့ current ပေါ်တွင် intelligence ကို သယ်ဆောင်သွားနိုင်ရန် ၎င်း D-C ကို ပုံသွင်းပေးနိုင်သည်။ ဥပမာ  လူနှစ်ယောက်သည် တယောက်နှင့် တယောက် ဝေးကွာစွာရှိသည်ဟု ဆိုကြပါစို့။ တ‌‌ယောက်နှင့် တယောက်ကြား ဆက်သွယ်ရန် battery နှင့် မီးလုံးတစ်လုံး ကိုဆက်သွယ်ထားသော်လည်း   မပြောင်းလဲသော မီးအလင်းရောင်သည် မည်သည့် သတင်းအချက်အလက် ကိုမှ မဖေါ်ပြနိုင်ပါ။ 
Steady DC Waveform


သို့‌သော် ၎င်း circuit တွင် ခလုပ်တခုကို ထည့်လိုက်ပါက D-C voltage နှင့် current ကို ပြောင်းလဲအောင် လုပ်နိုင်လာသည်။ ခလုပ်ကို closed လုပ်လိုက်သော အခါ current စီးအောင် ပြုလုပ်နိုင်ပြီး ခလုပ်ကို open  လုပ်လိုက်သောအခါ current မရှိမစီးအောင် လုပ်သည် ။ current ၏ waveform မှာ current စီးလျှင် pulse ဖြစ်ပြီး၊ မစီးလျှင် pulse မရှိပေ။ ထို pulse ရှိခြင်း၊ မရှိခြင်း အစီအစဥ်ကို  အက္ခရာများအဖြစ် ကြိုတင်သတ်မှတ်ထားလျှင် ပြောချင်သော စကားများကို pulse  နှင့် no pulse အစီအစဥ်ဖြစ်အောင် ခလုပ်ကို သုံးပြီး ပြုလုပ်နိုင်သည် ။ electrical pulse များကို မီးလုံးက အလင်း‌ရာင်အဖြစ် ပြောင်း‌ပေးခြင်း ဖြင့် တဘက်လူက မြင်နိုင်ပြီး အဓိပ္ပါယ် ဖေါ်နိုငသည်။ မီးလုံးအစား အသံထွက်နိုင်သော buzzer တပ်ထားလျှင်လည်း နားဖြင့် ကြားနိုင်ပြီး တဖက်ကပြောလိုသော အဓိပ္ပါယ်ကို သိရှိနိုင်ပေမည်။ 

Pulse DC Waveform


ဤ ဥပမာသည် လက်‌တွေ့တွင် အသုံးပြုရန် ခက်ခဲ နိုင်သော်လည်း D.C current  ကို အဓိပ္ပါယ်ရှိအောင် ပြောင်းလဲပေးခြင်းဖြင့် intelligence ကို တနေရာမှတနေရာသို့ မည်ကဲ့သို့ ပို့ဆောင်နိင်သည်ကို နားလည်နိင်သည်။

Applications

D-C  ကို signal အဖြစ် ပြောင်းရန်  ခလုပ်အစား photo cell တခုကို အသုံးပြုနိုင်သည်။ အလင်းရောင်ထိနေလျှင် photocell သည် electrons များ ထုတ်လွှတ်ပေးသဖြင့် လျှပ်စစ်စီးနိုင်သည်။ အလင်းမရှိသောအခါ လျှပ်စစ် မစီးနိုင်ပါ။ အလင်း‌ရောင် ပြင်းအားပြောင်းလျှင် current ပြောင်းနိုင်သည်။ ထို့ကြောင့် photo cell မှ ထွက်လာသော current သည် အလင်းရှိခြင်း၊ အလင်းမရှိခြင်း သို့မဟုတ် အလင်းပမာဏ ကို ကိုယ်စားပြုသော D-C signal ဖြစ်သည်။
D-C ကို signal ဖြစ်အောင်ပြောင်းရာတွင် volt ရှိခြင်း၊ မရှိခြင်း နှင့် voltage အနဲ အများ ကိုသာ ပြောင်းနိုင်သော်လည်း ( A-C signal များလို frequency, phase, waveform စသော ဂုဏ်သတ္တိများ မရှိသော်လည်း ) D-C ဖြင့် ဖေါ်ပြနိုင်သည့် intelligence အမျိုးအစား များစွာရှိပါသည်။

photocell ကို လူဝင်လာလျှင် အချက်ပြအောင် အသုံးပြုခြင်း


photocell ကိုအသုံးပြုပြီး အလင်းပမာဏကို d-c current အဖြစ် ပြောင်းခြင်းဖြင့် မိုးအုန့်ခြင်း နေသာခြင်း စသည်တိုကို သိနိုင်သည်။



What is "Electronics" - Part 2

 Electronics : အပိုင်း ၂

အီလက်ထရောနစ်ကို ဘယ်နေရာတွေမှာ သုံးသလဲ?

ယနေ့ခေတ်တွင် အီလက်ထရောနစ်နှင့် ကင်းကွာသော ဘဝမှာ မရှိသလောက်ဖြစ်သည်။ နေရာတိုင်းတွင် အီလက်ထရောနစ် ပစ္စည်းများကို အကြောင်းအရာ အမျိုးစုံအတွက် အသုံးပြုနေကြသဖြင့် အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုပုံကို ပြည့်စုံအောင် ဖေါ်ပြရန်မှာ မဖြစ်နိုင်ပေ။
အချို့နေရာများတွင် electronic ကိုအသုံးမပြုဘဲ ယနေ့ အဆင့်အတန်းမျိုးရောက်လာရန် မဖြစ်နိုင်ဟုပင် ဆိုနိုင်သည်။ ဥပမာ ဆက်သွယ်ရေး ကဏ္ဍဖြစ်သည်။ 
Communication Electronics


အီလက်ထရောနစ်ကို အသုံးမပြုဘဲ ရေဒီယို နှင့် ရုပ်မြင်သံကြား အသံလွှင့်ခြင်း၊ တယ်လီဖုန်း နှင့် အင်တာနက် ဆက်သွယ်ခြင်းများ မဖြစ်ထွန်းနိင်ပေ။ အခြား အသုံးပြုသော နယ်ပယ်တခုမှာ  industrial automation ဖြစ်သည်။ စက်ရုံများတွင် စက်များအား ထိန်းချုပ်ခြင်း၊ စောင့်ကြည့်ခြင်းတို့တွင် အီလက်တရောနစ်ကို အသုံးပြုသည်။ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း နှင့် သိပ္ပံနှင့် ဆေးပညာ သုတေသန လုပ်ငန်းများတွင် အီလက်ထရောနစ် နည်းပညာကို များစွာ မှီခိုကြရသည်။
Medical Electronics


ဆက်သွယ် ‌ ရေးနှင့် စက်မှုလုပ်ငန်းများအပြင်အီလက်ထရောနစ်ကို အကြီးအကျယ် အသုံးပြုသော နယ်ပယ်တခုမှာ စစ်ရေးတွင် အသုံးပြုမှုဖြစ်သည်။ နှစ်စဥ် ပစ္စည်းအသစ်များ ပေါ်ထွက်ရေး နှင့် ပိုမိုကောင်းမွန်သော နည်းပညာ အသစ်များပေါ်ထွန်းရေးအတွက် ငွေကြေး အမြောက်အများ သုံးစွဲ ကြသည်။

Military Electronics


အီလက်ထရောနစ် signal များ

လျှပ်စစ်ဓါတ် ၏  volt နှင့် current များကို ဂုဏ်သတ္တိ အမျိုးမျိုးဖြင့် ဖေါ်ပြကြသည်။ DC တွင် volt နှင့် current တို့၏ တန်ဘိုးများ ၊ A.C တွင် တန်ဘိုးအပြင် wave form, frequency နှင့် period စသည့် ဂုဏ်သတ္တိတို့ ဖြစ်သည်။  လျှပ်စစ် ပတ်လမ်း များလေ့လာရာတွင် ၎င်း ဂုဏ်သတ္တိများကို ထည့်သွင်း စဥ်းစားသော်လည်း load ကို ပေးရသည့် power နှင့် energy ကို အဓိက စိတ်ဝင်စားသည်။
အီလက်ထရောနစ် ကိုလေ့လာရာတွင် အခြေနေမှာ ပြောင်းပြန်ဖြစ်သွားသည် ။ power ကို ထည့်သွင်းစဥ်းစားသော်လည်း အရေးအပါဆုံး မဟုတ်တော့ပေ။ voltage နှင့် current တို့သည် intelligence ကို သယ်ဆောင်လာသဖြင့်  power ထက် magnitude, waveform, frequency, phase စသော အရည်အသွေးများက ပိုပြီး အရေးပါလာသည်။ intelligence ကို သယ်ဆောင်လာသော voltage  နှင့် current တို့ကို signals ဟုခေါ်ပြီး magnitude, frequency, phase တို့ကို ပြောင်းလဲစေခြင်းဖြင့် သယ်ဆောင်လာခြင်း ဖြစ်သည်။
Electronic Signals မျာ



What is "Electronics"

 Electronics ဆိုတာ ဘာလဲ ?

Electronics ပညာရပ်ကို လေ့လာလိုက်စားလိုလျှင် ပထမဆုံး သိရမည့် အချက်မှာ Electronics ဆိုတာ ဘာလဲ၊ ဘာတွေလေ့လာရမှာလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိထားဘို့ လိုပါသည်။
Electronics ဆိုတာ လျှပ်စစ်ဓါတ်ကို အသုံးချတဲ့ ပညာရပ်တမျိုးဖြစ်သည်။ လျှပ်စစ်ဓါတ်ဆိုသည်မှာ အရာဝတ္ထုအားလုံး၏ အခြေခံ အမှုန် ဖြစ်သော electron နှင့် proton များတွင်ပါ‌သော  ဂုဏ်သတ္တိ တမျိုးဖြစ်သည်။ ထို electrons များကို အသုံးပြုပြီး တနေရာမှ တနေရာသို့  စွမ်းအင်ကို သယ်ဆောင်ရန် အသုံးပြု လျှင် electrical power ဟုခေါ်သည်။ electrons  များကို အသိဥာဏ် ( intelligence ) သယ်ဆောင်ရန် အသုံးပြုလျှင် electronics ဟု ခေါ်သည်။ 

Electronic signals

 Intelligence  ဆိုသည်မှာ တခုခုကို သိစေသော အရာ၊ တခုခုကို ထိန်းချုပ်နိုင်‌သော အရာ ၊ တခုခုကို ‌ဖေါ်ပြနိုင်သော အရာဖြစ်သည်။ လျှပ်စစ်သည် intelligence ကို သယ်ဆောင်လာလျှင် electronic signal ဟု ခေါ်သည်။ ဥပမာ လျှပ်စစ်ကို မီးထွန်းရန် အတွက် အသုံးပြုလျှင် power အနေဖြင့် အသုံးပြုတာဖြစ်ပြီး မော်တော်ကား ဘရိတ်မီး အဖြစ် အသုံးပြုလျှင် နောက်မှလာသောကားကို သတိပေးခြင်းဖြစ်သဖြင့် electronic signal ဖြစ်သည်။ လျှပ်စစ်သည် အသံကိုသယ်ဆောင်လာလျှင် audio signal  ၊ ရုပ်ရှင်ကိုသယ်ဆောင်လာလျှင်  video signal ၊ အရုပ်နှင့် အသံကို သယ်ဆောင်လာလျှင် composite video signal  စသည်ဖြင့် ခေါ်ကြသည်။ လျှပ်စစ် စီးဆင်းသော အခါ  voltage  နှင့် current များ ရှိသဖြင့် signal ကို voltage အနေဖြင့် သယ်ဆောင်လျှင် voltage signal ၊ current အနေဖြင့် သယ်ဆောင်လျှင် current signal ဟုခေါ်သည်။ ထို့အတူ သတ်မှတ်ထားသော volt သို့မဟုတ်  current တန်ဘိုးအတွင်း ဖြစ်ချင်ရာ တန်ဘိုးဖြစ်နိုင် သော signal များကို analog signals များဟုခေါ်ပြီး၊ တန်ဘိုး နှစ်မျိုးသာ ဖြစ်နိုင်လျှင် digital signals များဟုခေါ်သည်။

Analog Signal

 
Digital Signals



Electronic Systems

 Electronic signals များ သည် ပြောင်းလဲမှု့ တခုခုမှ အစပြုသည်။ အပူချိန်ပြောင်းလဲခြင်း၊ အလင်းအမှိန်၊ ခလုပ် အဖွင့်အပိတ် ၊ သံလိုက်အား ပြောင်းလဲခြင်း လျှပ်စစ်စက်ကွင်းပြင်းအား ပြောင်းလဲခြင်း စသော physical အခြေနေများ ပြောင်းလဲခြင်းတို့မှ အစပြုသည်။ ထို ပြောင်းလဲခြင်းတို့သည် electronic signal မဖြစ်သေးပါ။ Electronic signals များဖြစ်လာစေရန် sensor များ အသုံးပြုပြီး ပြောင်းပေးရသည်။ 

Sensors

sensor ဆိုသည်မှာ electrical မဟုတ်သော ပြောင်းလဲမှုးများကို electronic signals များ အဖြစ် ပြောင်းပေးရသော ပစ္စည်းများဖြစ်သည်။ sensor များသည် ပတ်ဝန်းကျင်မှ  အပူ၊ အလင်း၊ ရေငွေ့ ၊ pressure  စသော ပြောင်းလဲမှု့ များကို electrical volt သို့ current ဖြစ်အောင် ပြောင်းလဲပေးနိုင်သည်။
 Sensor များမှရသော electronic signal  များသည် ပမာဏသိပ်ငယ်နေခြင်း၊ သိပ်ကြီးနေခြင်း၊ မလိုအပ်တဲ့ တခြား signal များ ရောနေတတ်သဖြင့် signal ကို ချဲ့ခြင်း( amplification ) လျှော့ခြင်း( attenuation) သန့်စင်ခြင်း ( filtering ) စသည်တို့ လုပ်ပြီးမှ အသုံးပြု ရသည်။ ထိုနောက် signal မှ သယ်ဆောင်လာသည့် အချက်အလက်များကို အသုံးပြုပြီး လိုချင်တဲ့ signals များရအောင် ( processing ) ပြုလုပ် ရသည်။ ရလာသော output signal များကို အသုံးဝင်မည့် physical ပြောင်းလဲမှု့များဖြစ်အောင် transducer များသုံးပြီး ပြောင်းရသည်။

Transducer

 transducer ဆိုသည်မှာ energy ပုံစံတခုမှ အခြား တခုသို့ ပြောင်းလဲ ပေးနိုင်တဲ့ ပစ္စည်းများ ဖြစ်သည်။ အများအားဖြင့် transducer များသည် signal တခုမှ အခြား မတူသော energy ပုံစံ signal  တခုသို့ ပြောင်းလဲပေးသည်။ sensor များသည်လည်း transducer တမျိုး ဖြစ်သည်။  ဥပမာ speaker, motor , relay စသည်။
 electronic system ဆိုသည်မှာ ပတ်ဝန်းကျင်မှ ပြောင်းလဲမှု့များကို တိုင်းတာသိရှိပြီး electronic signal များအဖြစ်ပြောင်းကာ အသုံးဝင်မည့် output signal  ရအောင် အမျိုးမျိုးပြုပြင်ပြောင်လဲပေးနိုင်သော စနစ်တခုဖြစ်သည်။
ထို့ကြောင့် electronics ဆိုသည်မှာ electronic signals များ signal ကို တိုင်းတာသော ပစ္စည်းများ၊ signals များကို  ချဲ့ခြင်း၊ စစ်ခြင်း၊ လျှော့ခြင်း   စသော နည်းစနစ်များ၊ ထိုကဲ့သို့ လုပ်နိင်သော ပစ္စည်းများ ၊ circuit  များ ၊ ကို design ပြုလုပ်ခြင်း ၊ analysis  ပြုလုပ်ခြင်း ၊ တည်ဆောက်ခြင်း ၊ ပြုပြင်ခြင်း စသည်တို့ ကို လုပ်ဆောင်ရသော ပညာရပ် တခု ဖြစ်ပါသည်။

Transducer